မြန်မာစံတော်ချိန်

Wednesday, December 30, 2015

မိခင်တစ်ယောက်ရဲ့ မေတ္တာ၊စေတနာ၊ဂရုနာ၊အကြင်နာ၊အနင့်နာ၊
စတာတွေကို ပေါ်လွင်အောင်ရေးပြထားတဲ့ Ashin Pain ကို
ကျေးဇူးအထူးတင်ပါတယ်။ ပြန်လည်မျှဝေပေးလိုက်တယ်နော်.
အမေ့ပြေစာ
-------------
သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအားရက်မှာ အမေ့ကို သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်းတာက အစ သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမား တစ်ယောက်လို သူအတွက်အချက် တော်လာခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့ ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက .....
၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်းလှဲခ ၂ဝဝကျပ်
၃) အပြင်ထမင်းပို့ဆောင်ခ ၃ဝဝကျပ်
၎) ဈေးဝယ်ထွက်ခ ၁ဝဝကျပ်
၅) မခိုမကပ်တဲ့ ကျွန်တော့်အတွက် အပိုဆုငွေ ၁ဝဝကျပ်
စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာကို အမေကြည့်ပြီး ဘာမှမပြောခဲ့ဘူး။
ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ်၁၂ဝဝ ကို တွေ့လိုက်တယ်။ အားရဝမ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲထည့်မယ်အလုပ် ခေါင်းအုံးဘေးမှာ ပြေစာတစ်စောင် ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့
အမေ့အပေါ် ကျန်ရှိသော အကြွေးများ...
၁) အမေ့အိမ်တွင် ၁ဝနှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ်အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက်ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ဝကျပ်
ပြေစာကိုကြည့်ပြီး သူရှက်ရွံ့သွားမိတယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ အမေ့အနားသွားပြီး အမေ့ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂ဝဝကို အမေ့အိတ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အမေက ပြုံးနေခဲ့တယ်။
Ashin Pain
တစ်ချက်ပြုံးရင် တစ်ရက်အသက်ရှည်ပါတယ်
------------------------------------------------
၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာ လူတစ်ယောက် လိမ်တယ် မလိမ်ဘူး
ဆိုတာကို မျက်နာကြည့်ပြီး သိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။
ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာ
လိမ်တဲ့သူကို
ချက်ချင်း ပါးထရိုက်တာပါပဲ။
မယုံဘူးလား... အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။
ကိုဇော်ဂျီနဲ့ ပွင့် တို့ရဲ့ သားလေး မောင်မောရစ်တစ်ယောက် အိမ်ကို နောက်ကျပြီးမှပြန်ရောက်လာသည်။
ကိုဇော်ဂျီ
။ ။ သား မင်းဘာလို့ ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းက အချိန်ပိုရှိလို့ နောက်ကျတာအဖေရဲ့။
ဖြန်း.........................................
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကို
ရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ
။ ။ ဒီစက်ရုပ်က လိမ်ပြောတာကို အာရုံခံစားနိုင်တဲ့ စက်ရုပ်ကွ။
မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်
လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။
ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ "The Ten Commandments" ဇာတ်ကားပါ။
ဖြန်း..............................................
စက်ရုပ်က ရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်
မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်...ဟုတ်..
Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီ အတော် ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။
မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း............................................................
တော်တော်လေးကို အသံကျယ်ပါဧ။်။
ကိုဇော်ဂျီကို စက်ရုပ်က ပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့် မိခင်ဖြစ်သူ
ပွင့် မီးဖိုချောင်မှ ထွက်လာပြီး ပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်း လိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း.....................................................................
ဒီတစ်ခါစက်ရုပ်ဧ။်
ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။
Ashin Pain ဆိုဒ်မှကူးချသည်

Friday, November 27, 2015

ရသစုံနှင့်ဒသနစာပေများ စုစည်းမှု့

ရသစုံနှင့်ဒသနစာပေများ စုစည်းမှု့

A brother like that(Dan Clark)

ဘယ်သူဘာသာပြန်ထားလဲတော့မသိဘူး
pleasure garden မှာဖတ်ခဲ့ရတာလေး ကြိုက်လွန်းလို့
ကူးယူလာတာပါ
A brother like that(Dan Clark) 
-------------------------------------
ပေါလ်မှာ ခရစ္စမတ် လက်ဆောင်အဖြစ် သူ့အစ်ကိုကြီးထံမှ ကားတစ်စီးရသည်။
ခရစ်စ္စမတ်အကြိုနေ့မှာ သူ့ရုံးခန်းက ထွက်လာတော့ လမ်းဘေးမှာ ကောင်လေးတစ်ယောက်က တောက်ပသော သူ့ကားသစ်ကြီးကို သဘောကျစွာ လှည့်ပတ်ကြည့်နေတာ မြင်ရသည်။ ကြည့်ရုံနှင့် အားမရသေးဟန်ဖြင့် ကောင်လေးက မေးသည်။
“ဒါ အစ်ကို့ ကားလား” တဲ့။
ပေါလ်က ခေါင်းညိတ်ပြီး “အေးကွ၊ ငါ့အစ်ကိုက ခရစ်စ္စမတ် လက်ဆောင် ပေးတာ” ဆိုတော့ ကောင်လေး အံ့အားသင့်သွားသည်။
“ဟာ…ခင်ဗျားအစ်ကိုက ခင်ဗျားကို အလကားပေးတာ…ဟုတ်လား၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ မကုန်ဘူးပေါ့၊ ဟာဗျာ…ကျွန်တော်သာ ဆုတောင်းလို့ ရမယ်ဆိုရင်…” ဆိုပြီး ကောင်လေး ရပ်နေသည်။
ဆုတောင်းလို့ရရင် ကောင်လေး ဘာဆုတောင်းမလဲဆိုတာ ပေါလ် တွေးနေမိသည်။ သူ့မှာလည်း အဲဒီလိုအစ်ကိုမျိုး တစ်ယောက်ရပါစေလို့ ဆုတောင်းမှာပဲပေါ့။
သို့သော် ကောင်လေးထံမှ နောက်ထပ်ကြားလိုက်ရသော စကားကြောင့် ပေါလ် ကြက်သီးမွေးညင်း ထသွားသည်။
“ကျွန်တော် အဲဒီလို အစ်ကိုမျိုး ဖြစ်ချင်လိုက်တာဗျာ” တဲ့။
ကောင်လေးကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။ ထို့နောက်မှ ရုတ်တရက် ဘယ်လိုဖြစ် သွားသည်မသိ။ “မင်း ငါ့ကား လိုက်စီးကြည့်မလား” ဟု မေးမိသည်။
ကားစီးပြီး ခဏလေးကြာတော့ ကောင်လေးက ပေါလ်ဘက်လှည့်ကာ “အစ်ကိုရေ…ကျွန်တော်တို့ အိမ်ဘက် လှည့်မောင်းပေးလို့ ရမလားဗျ” ဟု မေးသည်။
သူ့မျက်လုံးတွေ တောက်ပနေတာ ကြည့်ပြီး ပေါလ်ပြုံးမိသည်။ ဒီကောင်လေးစိတ်ထဲ ဘာရှိနေလဲ သူတွေးမိသည်။ သူ ကားသစ်ကြီးစီးပြီး အိမ်ပြန်လာတာ အိမ်နီးနားချင်းတွေကို ကြွားချင်ပုံပဲ။
သို့သော် သည်တစ်ခါလည်း ပေါလ် မှားပြန်ပါသည်။
“ဟို လှေကားနှစ်ဆင့်နဲ့ အိမ်ရှေ့ ရပ်ပေးပါဗျာ” ကောင်လေးက ဆိုသည်။
လှေကားထစ်တွေ သူ ပြေးတက်သွားသည်။ ခဏလေးကြာတော့ ပြန်လာနေသံ ကြားရသည်။ တက်သွားတုန်းကလိုမမြန်။ သူက ကလေးတစ်ယောက်ကို ချီ၍ ယူလာခြင်း ဖြစ်သည်။ ခြေမသန်သော သူ့ညီလေး။ သူက ညီလေးကို အောက်ဆုံးလှေကားထစ်မှာ ထိုင်ခိုင်းသည်။ သူ့လက်တစ်ဖက်က ညီလေးကို တင်းတင်းဖက်ထားပြီး ကားကိုပြသည်။
“ဟောဒီမှာ တွေ့လား ညီလေး၊ အပေါ်ထပ်မှာတုန်းက အစ်ကိုကြီးပြောတာလေ။ ဒါ သူ့အစ်ကိုကြီးက ခရစ်စ္စမတ် လက်ဆောင်ပေးတာတဲ့၊ သူ့ပိုက်ဆံ တစ်ပြားမှ မကုန်ဘူး၊ နောက်ကျရင် အစ်ကိုကြီးလည်း ညီလေးကို ဒါမျိုး ကားတစ်စီး ၀ယ်ပေးမယ်၊ အဲဒီအခါကျတော့ ညီလေးကို အစ်ကိုကြီးပြောတဲ့ ခရစ်စ္စမတ် အရောင်းဆိုင်တွေမှာ ပြထားတဲ့ အလှအပ ပစ္စည်းမျိုးစုံတွေ ညီလေး လိုက်ကြည့်နိုင်မှာပေါ့ကွ” တဲ့၊ သူက အားရပါးရ ပြောနေသည်။
ပေါလ် ကားထဲက ထွက်လာပြီး ခြေမသန်သော ကလေးငယ်လေးကို ချီ၍ ကားရှေ့ခန်းထဲ ထည့်သည်။ အစ်ကိုလုပ်သည့် ကောင်လေးက ၀မ်းသာအားရ သူ့ညီလေးဘေးမှ ၀င်ထိုင်သည်။
အဲသည်နေ့က သူတို့သုံးယောက် လျှောက်လည်ကြသည့် အတွေ့အကြုံမှာ သုံးယောက်လုံးအတွက် တစ်သက် မမေ့နိုင်စရာ ဖြစ်ခဲ့သည်။
အထူးသဖြင့် ပေါလ်အဖို့ သင်ခန်းစာတစ်ခု မှတ်မှတ်သားသား ရခဲ့သည်။ ယူရခြင်းအရသာထက် ပေးရခြင်းကြောင့်ဖြစ်သော ပီတိက ပို နှစ်သက်ဖွယ် ချိုမြိန်လှ၏…ဟူသော အသိတရား။

the window

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုတည်းမှာ ကျွန်တော်နှင့်နောက်
ထပ်လူနာတစ်ယောက်နှင့် နှစ်ယာက်တည်းသာရှိကြသည်။ သူလည်း ကျွန်တော့်လို အသည်းအသန် ရောဂါ
ခံစားနေရသော လူနာဖြစ်သည်။ အခန်းလေးကကျဉ်းပြီး အပြင်ကိုကြည့်စရာ ပြတင်းပေါက်တစ်ခုသာ
ရှိလေသည် ။
ဟိုဘက်လူနာသည် သူ့အဆုတ်ထဲကရေတွေကို ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်း
ပြု၍ တစ်နာရီခန့်ထိုက်ခွင့်ရသည် ။ သူကပြတင်းပေါက်အနီးမှာ ရှိနေသည် ။ ကျွန်တော်ကတော့ တချိန်လုံး
ပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည် ။
နေ့လည်နေ့ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေဆင့်ကာ
ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် ပြတင်းဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို ကျွန်တော်အားပြောပြ
လေ့ရှိသည် ။ သူက ပြတင်းပေါက်ကိုလှမ်းကြညိ့ရင်း ...
အပြင်မှာ ပန်းခြံကြီးတစ်ခုမြင်ရသည်ဟု ဆိုသည်။ အဲသည်အထဲမှာ ရေကန်ကြီးတစ်
ကန်ရှိသည်။ ရေကန်ထဲမှာ ဘဲတွေ ငန်းတွေရေကူးနေသည်။ ကလေးများ သူတို့ကို ပေါင်မုန့်တွေပစ်ကြွေးကြ
သည်။ ကလေးအချို့က လှေကလေးတွေစီးနေကြသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများအောက် လက်ချင်း
တွဲပြီး လမ်းလျှောက်နေကြသည် ။ ပန်းတွေက ဝေေ၀ဆာဆာပွင့်နေကြသည်။ မျက်ခင်းစိမ်းစိမ်းက အပြန့်
ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့ ( ဆော့ဘော )ကစားနေကြသူတွေလည်းမြင်ရသည်။
ဟိုးအဝေးဆီ၌မူ သစ်ပင်များထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ရာများ ။ထို့
နောက်၌ပြာလဲ့သော မိုးကောင်းကင်။ အဲ့ဒါတွေကို သူက ခရေစေ့တွင်းကျ ပြောပြတာကို၊ ကျွန်တော်က နား
ထောင်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေ့လျက်ရှိသည်။
ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာသီ ၀တ်စုံသစ်
တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို ကျွန်
တော့်စိတ်ထဲ အသေးစိတ်မြင်ခွင့်ရနေသည်။ သည်လိုနေရင်း သာယာသော နေ့လည်ခင်းတစ်ခုမှာ ကျွန်
တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။ ဟိုလူနာမှာ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းစုံကို
စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။ ကျွန်တော့်ကိုတော့ ဘာကြောင့်အဲသည်နား ထားမပေးသလဲဟူသော အ
တွေး ဖြစ်သည်။
ဒီလို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း ကိုယ့်ကိုကိုယ် ရှက်နေသည် ။
သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားမှ သူနှင့် နေရာချင်းလည်းချင်စိတ်က ပြင်းပြသထက် ပြင်းပြ
နေသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မည် ဆိုတာမျိုးအထိ တွေးမိလာသည်။
တစ်ညမှာတော့ ကျွန်တော် မျက်နှာကြက်ကို ငေးကြည့်နေစဉ် ဟိုလူနာက ရုတ်တ
ရက် ချောင်းတွေဆိုးသည်။ ချောင်းဆိုးရင်းသီးလာသည် ။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်
ပေးခလုတ်ကိုနှိပ်ရန် သူ့လက်က စမ်းတ၀ါးဝါး လိုက်ရှာနေသည်။
ကျွန်တော် သူ့ကိုမကူညီမိ ၊ လှုပ်ပင် မလှုပ်ရှား ။ သူ အသက်ရှူသံ ရပ်သွားသည်အ
ထိ စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ ဟိုလူနာ သေဆုံးနေကြောင်းတွေ့ရှိကာ အလောင်းကို တိတ်
ဆိတ်စွာပင် သယ်ယူသွားသည်။ အခြေနေတွေငြိမ်လောက်မှ ကျွန်တော်က ပြတင်းပေါက်အနီးရှိ ခုတင်သို့
ပြောင်းပေးနိုင်မလားမေးသည် ။ သို့နှင့်ပြောင်းပေးကြသည် ။ သက်သောင့်သက်သာဖြစ်အောင် နေရာချပေး
သည်။ သပ်သပ်ရပ်ရပ်လည်း ပြင်ဆင်ထားသိုပေးသည်။
သူနာပြုထွက်သွားသည်နှင့် တပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ
ကျွန်တော် ကြိုးစား၍ထသည် ။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံစားကာ ခဲယဉ်းပင်ပန်းစွာထူမပြီး ပြတင်း
ပေါက်အပြင်သို့ လှမ်းကြည့်သည်။
အပြင်၌ နံရံတံတိုင်း တစ်ခုသာ ကျွန်တော် မြင်ရလေသည် ။ ။
ဖေမြင့်

အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း

လူတစ်ယောက် ထူးထူးခြားခြား အောင် မြင်ဖို့က ပတ်ဝန်းကျင်ကောင်းတစ်ခု တော့လိုတယ်။ အောင်မြင်မယ့်သူဟာ 
အဲဒီပတ်ဝန်းကျင် သူ့မှာ အရင်ကမရှိခဲ့ရင်လည်း ရှိအောင် ဖန်တီးဖို့ ကြိုးစားကြတယ်။ တစ်ခါတစ်ရံ ကိုယ်မသိလိုက် ဘဲနဲ့တောင် အဲဒီလို ပတ်ဝန်းကျင်ကောင်းကို မသိစိတ် ရဲ့ဦးဆောင်မှုနဲ့ ဖန်တီးတတ်ကြတယ်။ အဲဒါကိုပဲ ကံတ ရားလို့ ခေါ်ကြတယ်။
ဘုရားတောင်မှ အမှီရှိမှဖြစ်တယ်ဆိုတဲ့ စကား ရယ်၊ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောဖူးတဲ့ 'မိတ်ဆွေ ကောင်းရရှိခြင်းဟာ အောင်မြင်မှုအတွက် ၁ဝဝ ရာခိုင် နှုန်း သေချာတယ်'လို့ ဟောကြားချက်ရယ်၊ တွေးကြည့် လိုက်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်း၊ မိသားစုကောင်း နဲ့ မိတ်ဆွေကောင်းတွေဟာ လူတစ်ယောက်အောင်မြင် မှုအတွက် အထောက်အကူဖြစ်တာ သေချာတယ်။
အောင်မြင်နေတဲ့ တိုင်းပြည်တစ်ခုဟာ ဆင်း ရဲနိမ့်ကျနေတဲ့ တိုင်းပြည်တစ်ပြည်နဲ့ ဘာကွာခြားသလဲ။ အောင်မြင်တဲ့ တိုင်းပြည်တစ်ပြည်မှာ လူတွေအောင်မြင် ဖို့ ပတ်ဝန်းကျင်ကောင်းတွေ အများကြီးဖန်တီးပေးနိုင် တာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန် တီးပေးနိုင်တယ်။ ပညာရေးအခင်းအကျင်းတွေ ပြည်သူ တွေ ကျန်းမာသန်စွမ်းနေဖို့ အားကစားလုပ်နိုင်ဖို့ နေရာ ထိုင်ခင်းတွေ၊ အဆောက်အအုံတွေ၊ လူတွေ ဘဝလုံခြုံ စိတ်ချပြီး စိတ်အေးလက်အေးနေနိုင်ဖို့ လူ့အခွင့်အရေး 
အပြည့်အဝရှိနေဖို့ အစစအရာရာ ဖန်တီးပြီး ဖြစ်နေ တယ်။ မပြည့်စုံတာတွေကိုလည်း ထပ်ထပ်ပြီး ဖြည့်နေ ကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုဆီကို တွန်းတင်ပေးတယ်။ တချို့က ကိုယ့် ကိုယ်ကိုယ် အနာခံပြီးတောင် တင်ပေးတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တာ လက်တွေ့ပြပြီး ကြိုးပမ်းကြတာဖြစ်တယ်။
ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒါတွေ တစ်ခုမှမရှိဘူး။ တစ်ယောက်ကိုတစ်ယောက် တွန်းတင်မပေးတဲ့အပြင် တစ်ယောက်ပေါ်တစ်ယောက် တက်နင်းကြတယ်။ ချမ်း သာတဲ့နိုင်ငံတွေနဲ့ ကြီးကြီးမားမား ကွာခြားသွားတဲ့နေရာ ရှိတယ်။ သိသိသာသာကြီး ကွာခြားနေတာ။ အဲဒါက သူတို့ဆီမှာ ပညာရေးစနစ်က ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို သိသိသာသာ တွန်းတင်ပေးနိုင် တယ်။ စိတ်ရောကိုယ်ပါနှစ်ပြီး တွန်းတင်ပေးတယ်။ သူ တို့နိုင်ငံတွေက အောင်မြင်သူတိုင်းရဲ့ အောင်မြင်ခဲ့တဲ့
 အကြောင်းရင်းထဲမှာ ဆရာ၊ ဆရာမတွေရဲ့ တွန်းအားက အဓိကနေရာက ပါဝင်တယ်။ ဥပမာ ဘီလ်ဂိတ်၊ ဘီလ် ဂိတ်ကို သူ့ရဲ့ ဆရာ၊ ဆရာမတွေက အားတက်သရော မြေတောင်မြှောက်လာခဲ့ကြတယ်။
အိုင်းစတိုင်းဟာ ငယ်စဉ်က စကားနည်းတဲ့ အပြင် ပြောရင် ထုံထုံထိုင်းထိုင်းနဲ့ ဥာဏ်ရည်မပြည့်တဲ့ ကလေးတစ်ယောက်များလားလို့တောင် ထင်မှတ်ကြရ တယ်။ သူ့အတွက် ပတ်ဝန်းကျင်တွန်းအားကတော့ အင် ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ဦးလေးနဲ့ မိတ်ဆွေ ဆေးကျောင်းသားလေးတစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ Relativity သီအိုရီဟာ သူ့ရဲ့ရူပဗေဒပတ် ဝန်းကျင်ကောင်းတွေ သုတေသီကောင်းတွေ ကြားထဲ မှာ တောက်ပြောင်လင်းလက်ခဲ့ပါတယ်။ သူ့ရဲ့အောင် မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်းကိုလည်း သူဖန်တီး တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် တွန်းတင်ရင်းနဲ့ သူတို့အားလုံး မြင့်တက် လာကြတယ်။
အမေရိကန်နိုင်ငံဟာလည်း တစ်ယောက်နဲ့ တစ်ယောက် တွန်းတင်ခဲ့တဲ့နိုင်ငံထဲမှာ အပါအဝင်ဖြစ် တယ်။ သူတို့ဆီမှာ တကယ်တော်ပြီး အကျင့်စာရိတ္တ ကောင်းရင် ဆင်းရဲသားလည်း သမ္မတဖြစ်နိုင်တယ်။ လူ မည်းလည်း သမ္မတဖြစ်နိုင်တယ်ဆိုတာ ပြခဲ့ပြီ။
အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ရှ်ဝါရှင်တန်ဆိုရင် ကျောင်းစာ ဖြစ်ဖြစ်မြောက်မြောက် မသင်ခဲ့ရပါဘူး။ မြေတိုင်းပညာရပ်ကို ဝါသနာပါတဲ့အ တွက် သချာင်္ကိုပဲ အသေအချာ လေ့လာသင်ကြားခဲ့တာ ပါ။ သူဟာ အမေရိကန်နိုင်ငံကို အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ သူရဲကောင်းလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လွတ်လပ်စ အမေ ရိကန်နိုင်ငံကို အမေရိကန်ပြည်ထောင်စုရယ်လို့ ပျိုး ထောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သတ္တမမြောက် အမေရိကန်သမ္မတဟာ ငယ် ရွယ်စဉ်ဘဝက တော်လှန်ရေးတပ်ဖွဲ့မှာ တပ်သားလေး ပါ။ နောက်ပိုင်းတိုက်ပွဲတွေမှာ အောင်ပွဲရ စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာပြီးနောက်ပိုင်း ရွေးကောက်ပွဲဝင်ပြိုင်ရာ မှာ ပထမအကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကြိမ်ရွေး ကောက်ပွဲကျမှ ရွေးကောက်ပွဲမှာ အနိုင်ရပြီးသမ္မတ ဖြစ် ခဲ့ပါတယ်။ သူ့အရင် လူချမ်းသာတွေချည်း 
သမ္မတဖြစ်ခဲ့ တဲ့အတွက် အုပ်ချုပ်ရေးဟာ လူချမ်းသာတွေအတွက် သီး သန့်နေရာလို ဖြစ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ပြီး လုပ်ကြံခံ ရပေမယ့် မသေခဲ့ပါဘူး။ သူကတော့ သမ္မတအင်ဒရူး ဂျက်ဆင် ဖြစ်ပါတယ်။
ဆင်းရဲသားမိသားစုက သမ္မတဖြစ်တဲ့ နောက် တစ်ယောက်က မာတင်ဗန်ဗြူရင်ဖြစ်ပါတယ်။ ဒတ်ခ်ျ (နယ်သာလန်)မျိုးရိုး ဖြစ်ပါတယ်။ အင်္ဂလိပ်မျိုးနွယ် မဟုတ်တဲ့အထဲမှာ ပထမဆုံးသော အမေရိကန်သမ္မတ လည်းဖြစ်ပါတယ်။ နယူးယောက်မြို့နားက ရွာကလေး တစ်ရွာမှာ မွေးဖွားခဲ့တာပါ။ သူ့မိသားစုမှာ လယ်မြေ လေးတစ်ကွက်နဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ပဲ ပိုင်ဆိုင်ခဲ့ပါ တယ်။ ရွာကျောင်းမှာနေရာကနေ ၁၄ နှစ်သားမှာ တ ရားရုံးမှာ ဝင်အလုပ်လုပ်ရင်း အသက် ၂၁ နှစ်အရွယ် မှာ ရှေ့နေဖြစ်ပါတယ်။ အောင်မြင်တဲ့ ရှေ့နေဘဝက နေ နိုင်ငံရေးဘက်မှာ လေ့လာလိုက်စားရာကနေ ဥပဒေ အရာရှိ၊ တရားသူကြီး အထက်လွှတ်တော်အမတ်၊ နိုင်ငံ ခြားရေးဝန်ကြီး၊ ဒုသမ္မတ စတဲ့ ရာထူးတွေ အဆင့်ဆင့် တက်လှမ်းရာကနေ နောက်ဆုံး အမေရိကန်နိုင်ငံရဲ့ အဋ္ဌမမြောက် သမ္မတဖြစ်ခဲ့တာပါ။
၁၃ ယောက်မြောက် အမေရိကန်သမ္မတဖြစ် တဲ့ 'မီလတ်ဖီးလ်မိုး' ကို နယူးယောက်အနောက်ဘက် က သစ်လုံးအိမ်လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်း မနေဖူးခဲ့တဲ့ အမေရိကန်သမ္မတပါ။ ၁၄ နှစ်အရွယ်မှာ စက်ချုပ်ဆိုင်တစ်ဆိုင်မှာ ဝင်ကူညီ လုပ်ကိုင်ပေးရင်းနဲ့ ဥပဒေပညာကို စိတ်ဝင်တစား လေ့လာလိုက်စားရင်း ၂၃ နှစ်အရွယ်မှာ ရှေ့နေဖြစ်နေပါပြီ။ ကိုယ်ထူးကိုယ် ချွန်ခဲ့ရသူ ဖြစ်ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေးလော က ထဲဝင်ရောက်ကြိုးစားရင်း ဒုသမ္မတဖြစ်လာတယ်။
၁၅ ယောက်မြောက် အမေရိကန်သမ္မတဟာ လည်း စစ်သားဘဝကနေ ကြိုးစားရင်း အောင်မြင်တဲ့ ရှေ့နေဖြစ်လာရာကနေ
ြ
ပည်နယ်လွှတ်တော်၊ အောက် လွှတ်တော်၊ အထက်လွှတ်တော်ကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာရင်း နောက်ဆုံး သမ္မတရာထူး ရခဲ့ပါတယ်။
နောက်တစ်ဦးကတော့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့ 'အေဗရာဟင်လင်ကွန်း'ပါ။ ဂျော့ခ်ျဝါ ရှင်တန်ပြီးရင် နာမည်အကျော်ကြားဆုံး သမ္မတပါ။ နိုင်ငံ တကာကအစ မသိတဲ့သူ မရှိသလောက်ပါ။ ငယ်စဉ် မှာ အလွန်ဆင်းရဲ နုံချာခဲ့ပါတယ်။ 
အမေဖြစ်သူက သူ ကိုးနှစ်သားအရွယ်မှာ ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပါတယ်။ အမေကဆင်းရဲပေမယ့် အသိမဆင်းရဲတော့ သားဖြစ် သူကို ပညာသင်ယူဖို့နဲ့ ကမ္ဘာမှာ ကျော်ကြားအောင်ကြိုး စားဖို့ မကွယ်လွန်မီ မှာကြားသွားပါတယ်။ မိထွေးရလာ
 ပြန်တော့လည်း လင်ကွန်းကို အကျင့်စာရိတ္တကောင်း မွန်ရေးအတွက် လမ်းပြရင်း တွန်းတင်ခဲ့ပါတယ်။
ငယ်စဉ်မှာ ဖခင်ရဲ့ လက်သမားအလုပ်ကိုလည်း အရွယ်နဲ့မမျှအောင် ဝင်ကူညီခဲ့ရပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာမယ့် လင်ကွန်းလေးဟာ မီးခွက်၊ ဖယောင်း တိုင်တောင်မတတ်နိုင်လို့ မီးလင်းဖိုဘေးမှာ ရတဲ့အလင်း ရောင်လေးနဲ့ စာဖတ်ခဲ့ရပါတယ်။ ပျဉ်ချပ်ပေါ်မှာ မီးသွေး ခဲနဲ့ စာရေးကျင့်ခဲ့သူပါ။ ကုန်စုံဆိုင်အရောင်းသမား၊ မြေ တိုင်းစာရေး ဝင်လုပ်ရင်း ရှေ့နေစာမေးပွဲ ဖြေဆိုအောင် မြင်ခဲ့ပါတယ်။ နောက်တစ်ဆင့်က လွှတ်တော်အမတ် လုပ်ခဲ့ပါတယ်။ စကားပြောကောင်းတဲ့ ရှေ့နေအဖြစ် လည်း နာမည်ကြီးနေပါပြီ။ နောက်ဆုံး မဲအပြတ်အသတ် နဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ဒုတိယအကြိမ်မှာလည်း လင်ကွန်းဟာ သမ္မတအဖြစ် အရွေးခံခဲ့ရပြန်ပါတယ်။
ပြည်တွင်းစစ်ဖြစ်တဲ့အထိ သမ္မတလင်ကွန်း ဟာ အသားအရောင်ခွဲခြားမှုနဲ့ ကျွန်စနစ်ကို ပြတ်ပြတ် သားသား ဆန့်ကျင်ခဲ့လို့ ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီအ ကြောင်းကြောင့်ပဲ သမ္မတလင်ကွန်းဟာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ပေမယ့် နာမည်မသေခဲ့တဲ့ သမ္မတဖြစ်တယ်။
၁၇ ဦးမြောက် အမေရိကန်သမ္မတလည်း ထူး ခြားပါတယ်။ သမ္မတလင်ကွန်း လုပ်ကြံခံရလို့ ဒုသမ္မတ ကနေ သမ္မတဖြစ်ခဲ့သူပါ။ သူ့ရဲ့ထူးခြားချက်က သူဟာ စာတတ်ပေတတ် တစ်ယောက်မဟုတ်ခဲ့ဘဲ အသက် ၂ဝ ရောက်မှသာ ဇနီးဖြစ်သူ ကူညီသင်ကြားပေးလို့ စာရေး တတ် ဖတ်တတ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ သို့သော် သူ့ ကို ဥာဏ်ကောင်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြု ကြရပါတယ်။ သူ့နာမည်က 'အင်ဒရူးဂျွန်ဆင်'ဖြစ်ပါတယ်။
၂ဝ ယောက်မြောက်သမ္မတက 'ဂျိမ်းစ်အေဂါ ဖီး'ဖြစ်ပါတယ်။ သူလည်း ဆင်းရဲသားဘဝကလာတဲ့ သမ္မတပါ။ သစ်လုံးအိမ်နဲ
့ ကြီးပြင်းခဲ့ရတဲ့ မုဆိုးမသား တစ်ယောက် ဖြစ်ပါတယ်။ အလုပ်ကြမ်းသမား၊ ဆင်းရဲ သားဘဝကနေ အပတ်တကုတ် ကြိုးစားအားထုတ်လို့ ပါမောက္ခဖြစ်လာသူ။ နောက်ပိုင်း ဗိုလ်ချုပ်၊ အောက်လွှတ် တော်အမတ်ကနေ သမ္မတဖြစ်လာခဲ့ပါတယ်။
၃၃ ယောက်မြောက် သမ္မတလည်း ကျော် ကြားပါတယ်။ သူ့နာမည်က 'ဟာရီထရူးမင်း'ဖြစ်ပါတယ်။ သူလည်း ငယ်စဉ်က တောင်သူလယ်သမားသား ဖြစ်ခဲ့ တာပါ။ မိဘတွေကို ကူညီလုပ်ကိုင်ရင်း အထက်တန်း ကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ သူလည်း အလုပ် စုံအောင်လုပ်ရင်း ဘဝကို ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ မီးရထားအလုပ်သမား၊ သတင်းစာခေါက်သူ၊ ဘဏ် စာရေးစာရင်းကိုင် အလုပ်တွေအပြင် ဖခင်ကွယ်လွန် တော့ မိခင်ထံပြန်လာပြီး လယ်ယာလုပ်ငန်းခွင်ဝင်ရတဲ့ လယ်သမား စတာတွေဟာ သူဖြတ်သန်းခဲ့ရတဲ့ ဘဝတွေ ဖြစ်ပါတယ်။
နောက်ပိုင်းလည်း အလှည့်ကျစစ်မှုထမ်း အပြင် ဗိုလ်ကြီးဘဝ၊ အထည်ဆိုင်သမား ပြီးမှနိုင်ငံ ရေးလောကထဲဝင် တရားသူ
ကြီးကနေ တရားသူကြီး ချုပ်၊ နောက်ပိုင်း အထက်လွှတ်တော်အမတ်၊ ဒုသမ္မတ ကနေ သူ့ရှေ့က ရုစဗဲ့ကွယ်လွန်တော့ သူသမ္မတဖြစ် လာပါတယ်။ ဒုတိယအကြိမ်မှာလည်း သမ္မတအ ဖြစ် အရွေးခံခဲ့ရပြန်ပါတယ်။ လူသတ်သမားရဲ့လုပ် ကြံတာခံရပေမယ့် မသေခဲ့တဲ့သမ္မတဖြစ်ပါတယ်။
'ဂျင်မီကာတာ'ကတော့ ၃၉ယောက်မြောက် အမေရိကန်သမ္မတဖြစ်ပါတယ်။ သူလည်း ငယ်စဉ် က ဆင်းရဲတဲ့ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဂျင်မီကာ တာလေးဟာ မိသားစုမြေပဲခင်း၊ ထင်းရှူးတောနဲ့ လယ်ကူလီတွေကြားမှာ လူလားမြောက်ခဲ့ရတဲ့တော သားလေးတစ်ဦးပါ။ ပတ်ဝန်းကျင်ကောင်းအဖြစ် အဖေ ဆီကနေ အလုပ်ကြိုးစားမှု၊ ချွေတာစုဆောင်းတတ် မှုနဲ့ စီးပွားရေးမှာ လာဘ်မြင်မှုတွေကို တွန်းအားတစ် ရပ်အဖြစ် လက်ခံရရှိခဲ့ပါတယ်။
မေတ္တာတရားနဲ့ စာပေလိုက်စားမှုကို မိခင် ဆီကသူရခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးကပ်ဆိုက် ချိန်မှာ ကာတာဟာ အထက်တန်းအောင်ပေမယ့် ကော လိပ်တက်ဖို့ ငွေကြေးအဆင်မပြေပါဘူး။ ပြည်နယ် ကောလိပ်မှာ နှစ်နှစ်အခမဲ့တက်လို့ရတဲ့ ရေတပ်ဗိုလ် သင်တန်းကို သူဝင်ခွင့်ရခဲ့ပါတယ်။ ရေငုပ်သင်္ဘော မှာ တာဝန်ထမ်းဆောင်ရင်း ပြည်ထောင်စုကောလိပ် မှာ 
အဏုမြူဘာသာရပ်နဲ့ စက်မှုဘာသာရပ်တွေသင် ယူဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဖခင်ရဲ့လယ်ယာမြေ ကို
 စက်မှုလယ်ယာပြောင်းလုပ်ရာက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး လောကထဲဝင်ပြီး အထက်လွှတ်တော်အမတ်ဖြစ်၊ ဂျော်ဂျီယာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက် ဆုံး သမ္မတရာထူးကိုရရှိခဲ့ပါတယ်။
ဒါတွေကတော့ ငယ်စဉ်ဆင်းရဲတဲ့ဘဝက နေ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး သမ္မတဖြစ်တဲ့အထိ အောင်မြင်အောင်ကြိုးစားခဲ့သူတွေဖြစ်ပါတယ်။ သူ တို့မှာလည်း ပတ်ဝန်းကျင်ကောင်းတွေ ကိုယ်စီကြုံတွေ့ ရင်း တွန်းအားတွေဖြစ်ခဲ့မယ်ဆိုတာ သေချာပါတယ်။
ကောင်းဆက်နိုင်
သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။ "သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။ သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက်နည်းခဲ့ကြတာကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။ လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။ ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ? အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။ (၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။ (၂) ဖေးမကူညီတဲ့သူငယ်ချင်း သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။ (၃) စိတ်တူကိုယ်တူ သူငယ်ချင်း သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။ (၄) တံတားခင်းပေးတဲ့ သူငယ်ချင်း ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။ (၅) အားပေးဖော် သူငယ်ချင်း ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။ (၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။ (၇) လမ်းပြသူ သူငယ်ချင်း သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။ (၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။ သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။